ငါပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးများ (10.10.2011)

ခါးသီးဆုံးနေ့ရက်တွေ အတွက်

ရင်နင့်ခံစားနေမယ့်အစား

ပျော်စရာ ကံကြမ္မာကို ဖန်တီးရင်း

ဘ၀အမောတွေ ပြေပျောက်ဖို့အတွက်

အကြည်တော်က ငါ့ရဲ့ အချော့တော်ဖြစ်ခဲ့တယ်

တစ်နေ့နေ့ဆိုတဲ့ နေ့ရက်တွေကို

လက်ချိုးရေတွက်ရင်း

ငါ့လက်ချောင်းတွေ ငြောင်းခဲ့ရတယ်လေ

ဘာပဲဖြစ်ဖြစ်ပေါ့ . . .

ငါပေးဆပ်လိုက်ရတဲ့ အရင်းအနှီးက

သိပ်တော့ မမျှဘူးလေ

အသိုက်အမြုံကို စွန့်ပစ်ရမှုများ

လောကကြီးရဲ့ နာနာကျင်ကျင် အကြည့်များ

သူငယ်ချင်းတွေရဲ့ အပြစ်တင်သံများ

ဇော်ဂျီ မြစ်ရဲ့ ဆန့်ကျင်ဘက် တော်လဲသံများ

အားလုံး အားလုံးကို

နောက်ဆုံးတော့ ငါပိုင်ဆိုင်ခဲ့ရတယ်လေ

မင်းမသိပေမယ့် ငါသိသလိုနဲ့

ငါလည်းမသိခဲ့ဘူးလေ

ကံကြမ္မာပေးခဲ့တဲ့ ကံတရားအတိုင်း

ငါ ကကြိုးဆင်ခဲ့တာတော့ မဟုတ်ဘူးလေ

ပစ္စလတ်ဆန်တဲ့ ကကြိုးအောက်မှာ

ကြိုးဆွဲရာ ကခဲ့ရတာပါ

ဒီအဖြစ်တွေကို ဘယ်သူမှ မသိပေမယ့်

ငါသိခဲ့တယ်လေ

မင်းသိဖို့ မလိုသလို

ငါသိလို့လဲ မဟုတ်ခဲ့ပြန်ဘူး

ထားပါတော့ . . .

အတိတ်မှာ ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့

ရှေ့ဆက်ရမဲ့ ငါ့ရဲ့ အနာဂတ်များစွာ အတွက်

မင်းက ငါ့ရဲ့

ဆူးငြောင့်ခလုတ်လဲ မဟုတ်ဘူးလေ

မင်းကို ဂရုမစိုက်ခဲ့တာ မဟုတ်ပါဘူး

မင်းရဲ့ တုန့်ပြန်မှုတွေကို

သံသယတွေနဲ့ လိမ်းကျန်ခဲ့တာပါ

(မှန်ကန်တဲ့ သံသယတွေလေ)

မင်းနဲ့ငါ့ရဲ့ အကြောင်းကို

မင်းမသိသလိုနေခဲ့သလို

ငါလည်း မင်းလိုပဲ

ဘာမှမသိတဲ့ ငတုံးတစ်ယောက်လို နေခဲ့မိတယ်

ငါမှားလား ငါမှန်လား ခွဲခြားမရမယ့် အတူတူ

ကံကြမ္မာ ဒိုင်လူကြီးကိုပဲ

ငါ စိန်ခေါ်ပြီး အလဲထိုးခဲ့တယ်

ငါ နိုင်ခဲ့တယ်လို့ မင်းထင်လား

ငါ မင်းမသိအောင် ငါရှုံးနိမ့်ခဲ့တယ်

ဒါတွေ မင်းမသိအောင်

ငါ့ နှလုံးသား တစ်စုံကို

မာန ၀တ်ရုံခြုံပြီး

အချိန်အတော်ကြာ သိမ်းထားရအုံးမှာပေါ့

အချိန်အတော်ကြာ သိမ်းထားရအုံးမှာပေါ့  ။ ။

တောင်းပန်ပါတယ်

ကြယ်တွေ မီးဇာကုန်တဲ့ညက

ငါ့ကို ဆွဲခေါ်တယ်

မိုးခိုငှက်တို့ရဲ့ ဒုက္ခထပ်

ငါ ဒုက္ခက

နှာတစ်ဖျားသာတယ်

လွမ်းမောချင်တွေရပ်ပါတော့

ငါကို မလှောင်ပါနဲ့ကွာ

တကယ်ဆို

ငါလေ မင်းနဲ့ ပတ်သတ်ပြီး

ဒဿဂီရိ ဖြစ်ခဲ့ရတယ်

မင်းကုသဖြစ်ခဲ့ရတယ်

တစ်ခါတလေကျတော့

ဟစ်တလာ ဖြစ်ရပြန်တယ်

နားလည်ပေးပါကွာ

အချစ်စစ်တစ်ခုအတွက်

ငါ့ဘ၀ကို

စိတ်ကူးနွံထဲမှာ နစ်ခဲ့တယ်

ငါ ရုံးထွက်ဖို့ ကြိုးစားနေဆဲပါ

ငါ့ကို မမုန်းပါနဲ့

တိတ်တိတ်ကလေးပဲ ငါနားက ထွက်သွားပါ

ငါတောင်းဆိုနေတာ မဟုတ်ပါဘူး

ငါမင်းကိုချစ်တဲ့ စိတ်နဲ့

ငါတောင်းပန်နေတာပါကွာ

ငါတောင်းပန်နေတာပါကွာ ။ ။

 

 

 

အလဲထိုးခံရခြင်း

ကဗျာမဆန်တဲ့
မီးသွေးရောင်
ညစာမျတ်နှာအောက်မှာ
မိုက်မဲမှုတွေကို
တစ်ပတ်ခြင်းသောက်ရင်း
အမြည်းခွက်မဲ့တဲ့ညကို
အတွေးများဖြင်း ထိုးကျွေးခဲ့တယ်
တရားစွဲမရတဲ့
ငါ့လိမ်လည်မှုနောက်က
ရိုးရိုးအအ ငါ့နှလုံးသားလေးကို
မင်းမို့ အပြစ်တင် မောက်မာရက်တယ်
မဖြစ်နိုင်မှန်းသိပေမယ့်
ငါလျှောက်လှမ်းခံပါတယ်
ကမ်းပါးက ငါ့အတွက်
မခိုင်ခံခဲ့ဘူး
မိုက်မိုက်မဲမဲပါပဲ
ငါအချစ်တစ်ခုကို
စိန်ခေါ်ခဲ့တယ်
ပထမခြေလှမ်းရဲ့ အ၀င်အ၀မှာပဲ
ငါအလဲထိုးခံလိုက်ရတယ်
အရင်လို ပြန်နေသားကျဖို့
နှလုံးသားကို ဒဏ်ရာနွံထဲက
ဆွဲမထုတ်နိုင်သေးဘူး
မှားမှန်းသိရက်နဲ့
ဇွတ်မိုက်နေတဲ့
ငါ့ရဲ့ အနီရောင်စာမျတ်နှာတွေကို
ကျော်လွန်ဖို့အတွက်
Whisky တွေနဲ့
သတေးခံခဲ့ရတယ်
အပြစ်ကင်းစင်တဲ့
ကိုယ်ထဲက ကလီစာတွေကို
ငါဘယ်လို
ဖြေရှင်းချက်ပေးရမလဲ
အနီရောင်ကောင်မလေးရေ
မင်းနှလုံးသားရဲ့ ခဏတာ လိုအပ်မှုအတွက်
ငါ့ရဲ့ပေးဆပ်မှုက
ရက်ရောလွန်းတယ်နော် ။ ။

လွမ်းတေးခြင်း

သရက်ရနံတွေရရင်

ဇော်ဂျီ မြစ်ဘေးက

သရက်ပင်အိုကို လွမ်းတယ်

သူငယ်ချင်းတို့ရေ

ပြန်တွေးစရာ ဇာတ်ဝင်ခန်းတွေမရှိခဲ့ရင်

ငါ့မျတ်ဝန်းတွေ

ရီဝေနေမှာမဟုတ်ဘူး

ငါအမြတ်တနိုး တန်ဖိုးထားတဲ့

ငါ့ရဲ့ အဖြူရောင် ဒိုင်ယာရီလည်း

အလွမ်းကာရန်တွေ (တေးသွားတွေ)

ပြည့်မောက်နေမှာ မဟုတ်ဘူး

တစ်ခါတလေမှာ

ငါ့ရဲ့

အတိတ် အနာဂတ် ပစ္စုပ္ပန် တွေကို

မျတ်ရည်တွေနဲ့ ထိုးကျွေးကြည့်မိတယ်

အရာမထင်ခဲ့ပါဘူး

ကြည့်မှန်တစ်ချက်လို

တုန့်ပြန်သက်ရောက်မှု့ တစ်ခုသာ

ငါ အခါခါ ပိုင်ဆိုင်ခဲ့ရတယ်

နောက်ဆုံးတော့

ဇော်ဂျီသားလေး ကျွန်တော် ဇော်ဂျီကိုလွမ်းတာ

မဆန်းပါဘူးနော် . . .။

ငါရှုံးပါတယ်

သံစဉ်တွေ အံကျလာတဲ့

လူပျိုလှည့်ည

တေးသံအေးအေးလေးရဲ့ အဆုံးမှာ

ခေါင်းကိုက်အောင်မူးနေတဲ့

Beer တစ်ခွက် နဲ့ Ruby တစ်လိပ်

အရာအားလုံးဟာ အတိတ်မှာပဲ ရှိပါစေလို့

မှုန်ပြပြ အလင်းအရောင်အောက်မှာ

ငါ . . . . . ဆုတောင်းမိတယ်

အတိတ်မှာ ဘာတွေဖြစ်ခဲ့ခဲ့

ပြီးဆုံးသွားပြီ

ကြေငြာသူ ရှုံးကြေးလို့ မင်းပြောခဲ့တယ်နော်

သစ္စာတရားကို လက်ကိုင်ထားတဲ့ မင်းအတွက်တော့

အမှန်အမှား ခွဲခြားဖို့

မင်းက သစ္စာတရားကြီးသူလား , , ,?

ထားပါတော့လေ

သစ္စာတရားဆိုတဲ့ အဓိပ္ပါယ်ကို

မင်း အသေအချာနားလည်ရဲ့လား . . . ?

လူတစ်ယောက်က မင်းအရှေ့မှာ

ကျရှုံးသွားတာကို မင်းခံတွင်းတွေ့နေလား . . . ?

တုန်ပြန်တတ်တဲ့ လောကကြီးထဲမှာ

မင်းလည်းငါ့လို မကျရှုံးပါစေနဲ့

အနိုင်အရှုံးတွေကြားမှာ

အရှုံးတွေဟာ ငါ့ရဲ့ မိတ်ဆွေတွေဆိုတာ

မင်း သိမှ သိပါလေစ

ငါကျေနပ်ပေးရမှာပေါ့

ငါပျော်နေပါတယ် မိန်းကလေး

မင်းအတွေးမှာ မင်းထင်သလိုမဟုတ်ခဲ့လို့

မင်းတော်တော်ခံပြင်းနေလား . . . ?

နောင်တတွေနဲ့ လိမ်းကျံထားတဲ့

မင်းရဲ့ သစ္စာတရားတွေကို

မင်းကိုယ်တိုင် မင်းကိုယ်တိုင် ပါပဲ

အဆုံးသတ်လိုက်တာနော် ။ ။

 

နောက်ကျသော အသိတရား

စိတ်ဝင်စားဖွယ်

အဓိပ္ပါယ်ရှိသော ဘ၀ဆိုတာ

ငါရှာဖွေလို့ မတွေ့သေးခင်

ပျော်စရာနောက်

ခြေရာကောက်လိုက်ရင်းနဲ့

ပျော်စရာတွေ ပျော်ပျောက်သွားတယ်

ခန်းခြောက်သွားတဲ့ အချိန်တွေအတွက်

ငါ့အသက် နှစ်ဆယ်ငါးနှစ် လျှော်ပေးလိုက်ရတယ်

ညမအိပ်ခင်

နဖူးပေါ်လက်တင်ပြီး

ဆင်ခြင်တွေးကြည့်လိုက်တိုင်း

တစ်နေ့ဟာ

ကျေနပ်စရာဆိုလို့ ဘာမှမရှိ

အသိတရားဆိုလို့ ဘာမှမရှိ

အသိတရားဝင်စဉ်

ထပြီး အလုပ်လုပ်ချင်ပေမယ့်

မိုးကချုပ်သွားခဲ့ပြီလေ

ဒီလိုနဲ့

တစ်နေ့တာရဲ့ ခေါင်းစီးအောက်က

နောင်တတွေ တစ်သီတစ်တန်းကြီးနဲ့

အိပ်ခန်းဝင်ခဲရတယ်လေ ။ ။

လျှောက်လဲခွင့်

လက်မဟာ

အတ္တကို ကိုယ်စားပြုပြီးလက်ညိုးဟာ

သံသယကို ကိုယ်စားပြုသတဲ့

သူငယ်ချင်း

မင်းရဲ့အတ္တ လက်မကို ခေါက်ထားပြီး

တို့ဘက်ကို နည်းနည်းလောက်စဉ်းစားပေးပါ

သူငယ်ချင်း

မင်းရဲ့ သံသယ လက်ညိုးကို

ခဏတစ်ဖြုတ်ကွေးထားပြီး

တို့ဘက်ကို နည်းနည်းလောက်ပေးကြည့်ပါ

အမှန်အမှား

ခွဲခြားမသိ

လှည့်စားခြင်းဆိုတဲ့ပုဒ်မနဲ့

ခုံရုံးမှာတင်ထားတဲ့ မင်းစွဲချက်တွေကို

တို့မပယ်ဖျတ်ချင်ပေမယ့်

မုန်းကြဖို့ဆိုတာ

လက်တစ်လုံးသာခြားပြီး

ပြန်ပြုံးပြနိုင်ဖို့တော့

တစ်သက်လုံး ကြိုးစားရမှာမို့

အချိန်ပေးပြီး

တွေးခေါ်စဉ်းစားသင့်တယ် သူငယ်ချင်း ။

ဆုတောင်းခဲ့မိပါသည်

တစ်ခါတစ်လေမှာပေါ့
စာမေးပွဲ မဖြေနိုင်တဲ့နေ့တွေ
ကိုယ်လုပ်တာ ဖြစ်မလာတဲ့ အခါတွေ
ဘုရားမှာ ဆုတောင်းခဲ့တယ်။
တစ်ခါတစ်လေမှာပေါ့
အိပ်မပျော်တဲ့ ညတွေ
နေ့တွေမှာဆိုရင်
ယောင်ရမ်းပြီး ဘုရားမှာ ဆုတောင်းမိတယ်
တပည့်တော် မြန်မြန် အိပ်ပျော်ပါစေလို့။
တစ်ခါတစ်လေမှာ
မလိုအပ်တာတွေ လိုအပ်လာတဲ့အခါ
လိုအပ်တာတွေ အပ်ကြောင်းတွေ ပိုလာတဲ့အခါ
ကျေးဇူးရှင် မွေးမေမေကို
သတိတရ ဆုတောင်းမိတယ် ။
တစ်ခါတစ်လေမှာ
နွေးဦးလေရူးတွေတိုက်ခက်လာရင်
သရက်ရနံ့လေးတွေကို
ရှုရှိုက်မိရင်
အမိမြေကို မြန်မြန်ရောက်ပါစေလို့
ကားစီးရင်း ဆုတောင်းမိတယ် ။
တစ်ခါတစ်လေမှာ
တစ်ခါတစ်လေမှာတော့. . . .
ဒီလိုပဲ ရူးကြောင်ကြောင်တွေ
ခဏခဏ ရေးရပါစေလို့
ဘုရားမှာ ဆုတောင်းမိပြန်တယ် ။ ။

ကံဆိုးသူများအကြောင်း

ပုံပြင်ဆိုတာ ယုံတမ်းပါ
ဒါပေမယ့်
ယုံတမ်းတစ်ချို့က ပုံပြင်ဖြစ်မလာတော့တဲ့အခါ
သင်က
မိန်းကလေးပါဆိုတဲ့
မျတ်ရစ်လှလှနဲ့ ကောင်မလေးရေ
ငါက
ငါ့ရဲ့ ထောင်ချောက်ထဲ
အခါခါ ပိတ်မိနေတဲ့ကောင်ပါ
ယောက်ျားနှင့် မိန်းမနှစ်ယောက်တို့ရဲ့
ရှေ့တည့်တည့်က ဟန်ဆောင်မှု့ကို ငါသိသလို
ရင်ထဲက တင်းကြပ်မှု့ကိုလည်း ငါသိပါတယ်
ငါ့ရဲ့ နာနာ ဘာဝဆန်နေ့တွေထဲ
ရိုးရိုးစင်းစင်း စင်ကြယ်တဲ့ မင်းဘ၀ကို
ခေါက်သိမ်း မထားချင်ပါနဲ့
ထပ်မံပြီး နာကြည်းဖို့မရှိတော့တဲ့ နှလုံးသားနဲ့
ပန်ချီကား လှလှလေးကိုပဲ
ငေးကြည့်ပါရစေ ။

သူငယ်ချင်းသို့


နေ့ရော ညပါ မင်းအကြောင်း ပြောခဲ့ပါတယ်
ကိုယ့်နှလုံး နောက်မှာရော အောက်မှာပါ
မင်းရောက် မလာခဲ့ဘူး
မျက်တောင်ထူထူနဲ့ ငါကောနေတဲ့အလှတွေ
ခြေဖွဖွနင်းပေမယ့် လူမိသွားတဲ့ ငါ့အကြည့်တွေ
မင်းရှေ့တည့်တည့်ကနေ ငါဘယ်သွာနေရမလဲ
မင်းရဲ့ခက်မဲ့မဲ့ အပြုံးနဲ့
ငါ့ရဲ့ ညရေးညတာခက်အောင်
ပေါ့ပျက်ပျက် အိမ်မက်တွေ မတိုက်ပါနဲ့
ငါမှာ ဆင်တော်နဲ့ ခလောက်ရယ်
လွမ်းရမလိုလို မလွမ်းရမလိုလို
မကြာခဏ ဆိုသလိုပဲ
ငါ့ရဲ့ ကိုယ်နှုတ်စိတ် သုံးပါးစလုံး
နှလုံးသားကြောင့် ပျောက်ဆုံးသွားတိုင်း
ငါ ဆုံးရှုံးရမှာ အကြောက်ဆုံးအရာက
ငါ့အသက်နဲ့ မင်းပဲရှိတယ်လို့ ပြောမိတယ်
မင်းက  – – – – -
မစနဲ့ကွာ တဲ့  – – – -
မင်းပုတ်ထုတ်လိုက်တဲ့ ဘောလုံးကို
ငါ ဘယ်ကွင်းမှာ သွားကန်ရမလဲ  ။  ။

« Older entries
Follow

Get every new post delivered to your Inbox.